This commentary by Mumyit Sinli Pukdun was first published in English as The Time for Change in International Aid: The Importance of Civil Society on 2 August 2022.
|
နိုင်ငံတကာ အကူအညီများ ပြောင်းလဲချိန်တန်ပြီ
မြန်မာ့ရေးရာ မှတ်ချက်ကဏ္ဍ
တင်ပြသူ- မုံးမြစ်ဆင်လီပုတ်ဒွန် (တောင်ဥဩ- မိုးမိတ်သိန္နီ)
|
|
မနောပွဲတွင် ပါဝင်ဆင်နွဲနေသော ကချင်လူငယ်များ၊ ရှမ်းပြည်နယ် မြောက်ပိုင်း။ ဓါတ်ပုံ- TNI
|
|
|
ပဋိပက္ခနှင့် စစ်အုပ်ချုပ်ရေး ဆက်ရှိနေသော ယခုလိုအချိန်တွင် နိုင်ငံတကာ အကူအညီပေးရေး လုပ်ဆောင်နေသူများအနေဖြင့် ယင်းတို့၏ လုပ်နည်းလုပ်ဟန်များကို အလေးအနက် ပြန်သုံးသပ်ရန် အချိန်တန်နေပြီး၊ မြန်မာ့အနာဂတ် အပြောင်းအလဲနှင့် ပြန်လည်ရုန်းထနိုင်စွမ်းအတွက် အရပ်ဖက် အဖွဲ့အစည်းများကို ဗဟိုပြု အလေးထားရန်လိုကြောင်း မုန်းမြစ်ဆင်လီပုတ်ဒွန်က ဝေဖန်ထောက်ပြ ထားသည်။ လွန်ခဲ့သော နှစ် ၃၀လုံး လွဲချော်ခဲ့သော အလှူရှင်များ၏ မူဝါဒအမှားများမှ သင်ခန်းစာ ယူရန် လိုအပ်လှပါသည်။ မြန်မာ့နိုင်ငံရေး အခက်အခဲများအပေါ် ယင်းအဖွဲ့များ၏ နားလည် သဘောပေါက်မှု လွဲမှားနေယုံမကဘဲ ဒေသခံအဖွဲ့များ၊ ဒေသအရင်းအမြစ်များကို အင်အားချိနဲ့ စေသည့် မူဝါဒများကိုလည်း ၄င်းတို့က အကောင်အထည်ဖော်ခဲ့ကြသည်။ ယခုလို သံသရာတကျော့ ပြန်လည်လာသည့် မြန်မာ့အကြပ်အတည်း ကာလတွင် လတ်တလော လိုအပ်နေသည့် အရေးပေါ် အကူအညီပေးရေး လုပ်ငန်းအတွက်သာမက၊ ရေရှည် မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် အရပ်ဖက် အဖွဲ့အစည်းများကို ပံပိုးကူညီရန် လွန်စွာ အရေးကြီးလှပါသည်။
ယခုတလော အင်တာနက်ပေါ်တွင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခု၏ ရံပုံငွေ လျှောက်ထားရန် နှိုးဆော်စာတစ်ခု ပျံ့နှံ့နေသည်ကို သတိပြုမိပါသည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လ ရက်စွဲပါစာသည် ဤသို့ဆိုထား၏။ “မိမိလုပ်ဆောင်နေသည့် လူ့အခွင့်အရေး အလုပ်ကြောင့် ဘေးအန္တရာယ် ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီ လိုအပ်နေသည့် မည်သည့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူ သို့မဟုတ် အဖွဲ့အနေဖြင့် အရေးပေါ် ရံပုံငွေ တောင်းခံ လျှောက်ထားနိုင်ပါသည်။ ဤစာတွင် လျှောက်လွှာ ပေးပို့ရမည့် အီးမေးလိပ်စာ ပါဝင်ပါသည်။”
ထိုစာသည် သိသိသာသာ ရက်လွန်နေသည့်စာ ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ယခုချိန်တွင် အချင်းအချင်း အပြန်အလှန် ပေးပို့မျှဝေနေရပါသနည်း။ လူအများကြား ပြောဆိုဆွေးနွေးစေလို ၍လော။ နိုင်ငံရေး အပြောင်းအလဲအတွက် ရုန်းကန်လှုပ်ရှားနေသူများ အကြပ်အတည်း ကြုံနေရ သည့် လက္ခဏာလော။ ဆက်လက်ရပ်တည် ရှင်သန်နိုင်ရန် လမ်းစရှာသည့်အနေဖြင့် မြန်မာပြည်သူ အမြောက်အမြား နိုင်ငံကိုစွန့်ပြီး ထွက်ခွါနေကြသည့် နိမိတ်ပုံလော။ မည်သို့ဆိုစေ ပြည်ပသို့ တိမ်းရှောင် အခြေချ နေထိုင်ကြရသည့် မျိုးဆက်သစ်များ တိုးပွါးလာနေပြီ ဖြစ်သည်။ ယခင် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကို ဆန့်ကျင် တွန်းလှန်ခဲ့ကြသည့် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ရက်စက်စွာ ဖြိုခွဲခံရပြီးသည့်နောက် များစွာသော ပြည်သူတို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့် အလားတူ ဖြစ်ရပ်ကို အမှတ်ရမိပါသည်။
ဤဖြစ်ရပ်များနှင့် စပ်လျဉ်းပြီး မိမိနှင့် မိတ်ဆွေများ၊ လုပ်ဖော်ဆောင်ဖက်များကြား ယခင်နှင့် ယခု အတွေ့အကြုံများကို နှိုင်းယှဉ် သုံးသပ်မိကြပါသည်။ ယခင် စစ်အာဏာရှင်များ ဖိနှိပ်အုပ်ချုပ်ခဲ့စဉ်က မြန်မာနိုင်ငံကို အကူအညီပေးရန် အကြိမ်ကြိမ် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်ကို သတိရမိပါသည်။ ထိုစဉ်က မြန်မာပြည်သူများ၏ ဒုက္ခကို နိုင်ငံတကာ မိသားစုများက နားလည်စာနာသည်ဟု ယူဆဖွယ် ရှိခဲ့ပါသည်။ ၁၉၉၀နောက်ပိုင်း စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရန် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ထောက်ခံကူညီဖို့ နိုင်ငံတကာ အဖွဲ့များကို မိမိတို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြ သည် မဟုတ်ပါလော။ မြန်မာ့နိုင်ငံရေး အကြပ်အတည်းသည် အသစ်အဆန်းမဟုတ် ဆိုသည်မှာ ဝမ်းနည်းဖွယ် အမှန်တရား ဖြစ်ပါသည်။
ဤအချက်သည် မြန်မာ့အရေးသုံးသပ်သူများကို စိတ်မသက်မသာ ဖြစ်စေသည်။ အတိတ်တချိန်က မြန်မာ့အရေးကို ကူညီမှုများ ရှိခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။ သို့သော် ပြည်တွင်းနှင့် နယ်စပ်မဟူ လိုအပ်သည့် အကူအညီများကို အနောက်တိုင်း အစိုးရများနှင့် အလှူရှင်များက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ( NLD ) ထံ ပုံအောပေးခဲ့ကြသည် မဟုတ်ပါလော။ ထိုကာလတွင် NLD အဖွဲ့ဝင် များစွာတို့သည် ထောင်ကျသူကျ၊ မြေအောက်လှုပ်ရှားမှုများအတွင်း ဝင်သူဝင် ဖြစ်နေခဲ့သည်။ ထိုပံ့ပိုးကူညီမှုများကြောင့် အမျိုးသားညွန့်ပေါင်းအစိုးရ ( NCGUB ) နှင့် ပြည်ပရောက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂ ( MPU ) တို့ ပေါ်ထွန်းလာခဲ့ပြီး အနောက်တိုင်းနှင့် ကမ္ဘာ့ မြို့တော်ကြီးများတွင် သဲသဲလှုပ် ထောက်ပံ့အားပေးမှုများ ရခဲ့ကြသည်။ လက်တွေ့ဘဝတွင်မူ ဖိနှိပ်မှု ကြောင့် ဆင်းရဲဒုက္ခ ကြုံတွေ့ ခံစားရသူများသည် သူတို့ချည်းသာ မဟုတ်ပေ။ သူတို့ လှုပ်ရှား ဆောင်ရွက်သည့် လုပ်ငန်းစဉ် အများစုမှာလည်း ပြည်ပတွင်သာ ရှိခဲ့ပါသည်။
|
|
|
|
|
|
|