|
This commentary was first published in English as A New Dimension to Armed Conflicts in Arakan? Core Tactics of Myanmar Military’s ‘Divide and Contain’ Strategy on 20 September 2023.
ပဋိပက္ခနှင့် ထိခိုက်ခံစားရမှုများ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ (State Administration Council) သည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တော်လှန်ခုံခံမှုများကို နှိမ်နှင်းရန် ‘ခွဲခြား-အုပ်ချုပ်ရေး’ (divide and rule) နည်းဗျူဟာများကို အသုံးပြုန်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။ သို့သော် ရက္ခိုင်ပြည်တွင်း အတွေ့အကြုံများကို သုံးသက်ချက်အရ အသိုင်းအဝိုင်းများကြား ပဋိပက္ခကို ဖော်ဆောင်၍ဖြစ်စေ၊ အတိုက်အခံလှုပ်ရှားမှုများကို ပြိုကွဲစေ၍ဖြစ်စေ စစ်ကောင်စီ၏ ထိုကဲ့သို့ သွေးခွဲသက်သျှိုသော နည်းဗျူဟာများသည် အလုပ်ဖြစ်နိုင်ခြေနည်းကြောင်း ကိုနိုင်လင်းမှ ယခု ဆောင်းပါးတွင် ရှင်းပြထားပါသည်။ ယင်းအစား စစ်ကောင်စီသည် အတိတ်ကာလများမှ ကျရှုံးမှုများကို ထပ်ခါကျူးလွန်နေပြီး၊ တဖက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan) မှ နယ်မြေဒေသတလွှားတွင်လည်း ဩဇာလွမ်းမိုးမှုကို ဆက်လက်တည်ဆောက်လျက်ရှိနေသည်။
|
|
|
ရက္ခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ၏ မျက်နှာစာအသစ်တစ်ခုလား
မြန်မာစစ်တပ်၏ ‘ခွဲခြား-ထိမ်းချူပ်ရေး’ မဟာဗျူဟာ၏ အဓိက နည်းဗျူဟာများ
စက်တင်ဘာ ၂၀၊ ၂၀၂၃။
|
|
(နယ်စပ် ခြံစည်းရိုးအနီးရှိ မြန်မာနယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ဝင်တဦးကို တွေ့ရစဥ်၊ မောင်တောမြို့နယ်)
ဓါတ်ပုံ- (နယ်စပ်ဒေသ သတင်းဌာန)
|
|
|
မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ အရေးပေါ်ကာလတစ်ခုတွင် ရောက်ရှိနေသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှု (၂) နှစ်ခွဲကြာလာသည့်တိုင် ‘နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ’ ဟု တရားဝင်သိထား ကြသော စစ်ကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီကို ထောက်ခံလိုလားသော တော်လှန်ခုခံလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်၊ တိုးလာနေစဥ်မှာပင် နိုင်ငံအတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ပြန်လည် မတည်ဆောက်နိုင်သေးပေ။ အခု အခြေအနေများသည် ၁၉၈၈ စက်တင်ဘာ ယခင် စစ်အာဏာသိမ်း မှုနောက်ပိုင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ ကသောင်းကနင်း အခြေအနေများနှင့်လည်း လွန်စွာ ကွဲပြားလှပါသည်။ တဝက်တပျက် ဒီမိုကရေစီ ဖြေလျှော့မှု (quasi-democratic liberalization) ကို ၂၀၁၁ မှ ၂၀၂၀ ထိ ၁၀ နှစ်ခန့် ဖြတ်သန်းလာပြီးနောက် မြန်မာ့နိုင်ငံရေး နှင့် လူ့အဖွဲ့အစည်း၏ မျက်နှာစာများစွာလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပြောင်းလဲမှုအတိုင်းအဆသည် နိုင်ငံ့ဒေသများအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ သို့သော် အဆိုပါ အပြောင်းအလဲကို အထောက်အကူဖြစ်စေသော အရေးကြီးသော အကြောင်းကိစ္စများမှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း၊ ကျင့်ထုံးများနှင့် ထိတွေ့မှုရှိလာခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အတွက် လှုပ်ရှားခွင် ပိုမိုကျယ်ပြန့်လာခြင်း၊ ဒီဂျစ်တယ်နှင့် ဆက်သွယ်ရေးနည်းပညာများ တွင်ကျယ်လာခြင်း၊ မြို့ပြဖြစ်ထွန်းမှု နှင့် စက်မှုဖြစ်ထွန်းမှုအပြင် ၂၀၁၁-၂၀၂၀ အပစ်အခတ်ရပ်စဲရေး ကာလ အတွင်း ပဋိပက္ခကင်းမဲ့ခဲ့သော နယ်မြေဒေသများတွင် ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှု တိုးပွါးလာခြင်းတို့ ပါဝင်သည်။
ထိုကဲ့သို့ အပြောင်းအလဲဖြစ်စဥ်အားလုံးသည်ပင် ပို၍ ပွင့်လင်းပြီး၊ စုံလင်ကွဲပြားသော အနာဂတ်တစ်ခုအတွက် ရေခံမြေခံကို ပြုစုပျိုးထောင် စေခဲ့သည်။ ပို၍ အရေးကြီးသည်မှာ အဆိုပါ ဖြစ်စဥ်များမှာ ယခင်‘ရှစ်လေးလုံး မျိုးဆက်များ’ ထက် ပို၍ နိုင်ငံရေးအားဖြင့် အသိအမြင်ကြွယ်ဝသော ‘မျိုးဆက်-Z’ လူငယ်များထွက်ပေါ်လာခြင်း နှင့် ပေါင်းစပ်မိသွားခြင်းပင် ဖြစ်သည်။ ရလဒ်အနေဖြင့် စစ်ကောင်စီ၏ စစ်အာဏာသိမ်းမှုကို တပြိုင်နက်တည်း ဆန့်ကျင်ကန့်ကွတ်မှုများသည် ချက်ချင်းထွက်ပေါ်လာခဲ့ပြီး၊ နိုင်ငံတဝှမ်းလုံး လူမှု-နိုင်ငံရေး တက်ကြွလှုပ်ရှားမှု များဖြင့် အခင်းအကျင်းသစ်တစ်ခုကို သိသာစွာ မွေးဖွားစေခဲ့သည်။ လူမျိုးစုနိုင်ငံရေးတွင်လည်း ထိုကဲ့သို့ အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာပြီး၊ ရှိနှင့်ပြီး လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ နှင့် အရပ်ဖက် အဖွဲ့အစည်းများသည် မြို့ပြဒေသများရှိ လူငယ်တက်ကြွလှုပ်ရှားသူများနှင့် ဗမာလူမျိုးစုအတွင်း အသစ်ပေါ်ထွက် လာသောအုပ်စုများကို ကြိုဆိုလက်ခံပြီး၊ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ လပိုင်းလောက်အတွင်း မှာပင် လူမှု-နိုင်ငံရေးအခင်းအကျင်းများမှာ ပုံစံပြောင်းလာပြီး၊ စစ်ကောင်စီနှင့် အပြိုင် အစိုးရတစ်ရပ်အဖြစ် ဒီမိုကရေစီလိုလားသော အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government- NUG) ကို ဖွဲ့စည်းထူထောင်ခဲ့ကြသည်။ ထိုကြောင့် စစ်အာဏာသိမ်းမှုအလွန်ဖြစ်ပေါ်နေသော တော်လှန်ခုခံရေး လှုပ်ရှား မှုကို အာဏာအစိုးရကို ဖြုတ်ချရေး (သို့) အုပ်ချုပ်မှု စနစ်ပြောင်းလဲရေးထက် ပို၍ ကျယ်ပြန့်သော လူမှု-နိုင်ငံရေးလက္ခဏာရပ်များပါဝင်သောကြောင်း ‘ပုန်ကန်မှု’ (rebellion) ထက် ‘တော်လှန်မှု’ (revolution) အဖြစ်သာ ပို၍ ဖော်ညွန်းသင့်ပေသည်။
သို့သော် နိုင်ငံတော်အာဏာကို ဆယ်စုနှစ်များစွာ ထိမ်းချူပ်လာပြီးနောက် မြန်မာစစ်တပ်သည်လည်း ကိုယ်ကျိုးစီးပွါးရှာသော အဖွဲ့အစည်းအဖြစ် သက်ဆိုးရှည်သော အစုအဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။ တပ်မတော် (သို့) စစ်တပ်ဟု အများသိကြသော အဖွဲ့အစည်းတစ်ခုလုံး၏ အတွေးအခေါ် (ideology)၊ ဝိသေသလက္ခဏာ (identity) နှင့် အကျိုးစီးပွါး (interests) သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထင်ရှားစွာ ပြဌာန်းထားသော ‘အမျိုးသားနိုင်ငံရေး’ (national politics) ယူဆချက်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပေသည်။ ၁၉၆၂ ခုနှစ် ပထမဆုံး စစ်အာဏာသိမ်းပြီးကတည်းက စစ်ဗိုလ်ချူပ်များသည် ၎င်းတို့အနေဖြင့် တိုင်းပြည်၏ တခုတည်းသော ကယ်တင်ရှင်နှင့် ကာကွယ်သူများအဖြစ် ယူဆလာကြပြီး၊ လူ့အဖွဲ့အစည်းနှင့် ကင်းကွာစွာပင် နိုင်ငံရေးလုပ်ငန်းစဥ်၊ စီးပွါးရေးအကျိုးစီးပွါး နှင့် လူမှု တန်ဖိုးများအပါအဝင် နိုင်ငံ၏ ကဏ္ဍရပ်တိုင်းတွင် အဖွဲ့အစည်း၏ စွမ်းရည် နှင့် လွမ်းမိုးမှုကို တည်ဆောက်လာကြသည်။ အကျိုးဆက်အနေဖြင့် မြန်မာစစ်တပ်သည် ပြည်သူလူထုနှင့် လွန်စွာကင်းကွာသော အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး၊ ‘နိုင်ငံတော်အတွင်း သီးခြားနိုင်ငံ’ (state within a state) (သို့) ‘နိုင်ငံတော်တစ်ခု၏ စစ်တပ်’ ထက် ‘စစ်တပ်တစ်ခု၏ နိုင်ငံတော်’ အဖြစ်သာ ခြားနားစွာ တည်ရှိလာခဲ့သည်။
အဆိုပါ လွမ်းမိုးမှုကို ကြိုးစားထိန်းသိမ်းရန်အတွက် မြန်မာစစ်တပ်သည် ၎င်းတို့သည်ပင် ‘ဗမာလူမျိုး’ နှင့် ‘ဗုဒ္ဓဘာသာ’ ၏ အကျိုးစီးပွါးကို ကာကွယ်သူ နှင့် မြှင့်တင်သူ အဖြစ်သတ်မှတ်လာခဲ့သည်။ လွန်ခဲ့သော နှစ်များစွာကပင် ထိုကဲ့သို့ ရပ်တည်မှုသည် မြန်မာအမျိုးသားရေးဝါဒီများ နှင့် ပိုမိုကျယ်ပြန့်သော လူထုထဲတွင် ရှေးရိုးစွဲ ဗုဒ္ဓဘာသာ သံဃာ နှင့် ကိုးကွယ်သူအသိုင်းအဝိုင်းများထံမှ အသိအမှတ်ပြုမှု နှင့် ထောက်ခံမှုကို ပုံစံတမျိုးဖြင့် ရရှိစေခဲ့သည်။ ထိုကဲ့သို့ ကာကွယ်သူအဖြစ် ရပ်တည်ချက်ကိုလည်း ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်နှင့် ရိုဟင်ဂျာကဲ့သို့ ဗမာ နှင့် ဗုဒ္ဓဘာသာမဟုတ်သော လူမျိုး၊ ဘာသာများနှင့် ပဋီပက္ခဖြစ်ချိန်များတွင် မြှင့်တင် ဆောင်ရွက်ခဲ့သည်။ သို့သော် စစ်အာဏာသိမ်းမှု ပြီးနောက်တွင် အညာ နှင့် မြေပြန့်ဒေသများတွင် ဗမာဗုဒ္ဓ ဘာသာဝင်များနှင့်ပါ လက်နက်ကိုင် ပဋိပက္ခသစ်တစ်ခုဖြစ်လာရာ ထိုကဲ့သို့ ဘာသာရေး နှင့် အမျိုးသားရေးဆိုင်ရာ တရားနည်းလမ်းကျမှုယူဆချက်၏ အခြေခိုင်မှုသည် ယိုင်နှဲ့လာနေသည်။ ထိုကဲ့သို့ ဖြစ်ပေါ်လာမှုကို မြန်မာ စစ်တပ်မှ ဗမာကျေးရွာများနှင့် ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံများအား မီးရှို့ခြင်း၊ ဗုဒ္ဓဘာသာ သံဃာတော်များနှင့် ဗမာအရပ်သားများအား သတ်ဖြတ်ခြင်းဖြင့် ပိုမို သိသာလာစေခဲ့ပြီး၊ လူ့အဖွဲ့အစည်း၏ အသိုင်းအဝိုင်း နှင့် အလွှာတိုင်းတွင် မကျေနပ်မှုများကို ပိုမို တိုးပွါးလာစေခဲ့သည်။
ထိုကဲ့သို့ ဖိနှိပ်အုပ်ချုပ်မှု နှင့် ထိခိုက်ခံစားရမှုများ ဆက်လက်ဖြစ်ပေါ်နေစဥ် အခင်းအကျင်းများမှာ ပို၍ ပီပြင်လာသည်။ စစ်အာဏာသိမ်းမှု စကတည်းက မြန်မာ့နိုင်ငံရေးတွင် ဖြစ်ပေါ်လာခဲ့သော အဓိကနိုင်ငံရေး အခင်းအကျင်းများမှ ပေါ်လွင်လာစေသည်မှာ မြန်မာစစ်တပ်သည် ၎င်းတို့၏ အကျိုးစီးပွါးနှင့် အာဏာကိုသာ ကာကွယ်မြှင့်တင်သော အဖွဲ့အစည်းဖြစ်ပြီး၊ ထိုကဲ့သို့ လုပ်ဆောင်ရန်လည်း မည်သည့် နည်းလမ်း ကိုမဆို အသုံးပြုမည်ဟူသော အချက်လည်းဖြစ်သည်။ နိုင်ငံရေးသိပ္ပံဘာသာရပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုအရ ဆိုလျှင် အဆိုပါ ဖြစ်စဥ်ကို ‘နိုင်ငံတော်အား အပိုင်စားခံရခြင်း’ (patrimonialization of the state) ဟု ခေါ်ပြီး၊ အဆိုပါ ဖြစ်စဥ်တွင် ပိုမိုကျယ်ပြန့်သော ပြည်သူ့အကျိုးစီးပွါးကို ဖော်ဆောင်ရန် တာဝန်ရှိသော အဖွဲ့အစည်းတစ်ခု သည် ပြည်သူ့အကျိုးစီးပွါးထက် ၎င်း၏ ကိုယ်ပိုင်အကျိုးစီးပွါးကိုသာ ဖော်ဆောင်ပြီး၊ ပြည်သူများ၏ အရှင်သခင် ကဲ့သို့ ပြုမူဆောင်ရွက်လာခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် မြန်မာစစ်တပ်မှ အာဏာတည်မြဲနိုင်ရေးအတွက် အသုံးပြုသော နည်းဗျူဟာများသည် တိုင်းပြည်အတွက် အဓိကအကျပ်အတည်းများကို ဖြစ်ပေါ်စေခဲ့ပြီး၊ ပြည်သူများမှ အချိန်ကြာမြှင်စွာ မျှော်လင့်ခဲ့ကြသော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဥ်များကို နောက်ပြန်ဆွဲစေရန် ပြန်လည် အသုံးပြုနေသည်ကိုလည်း တွေ့ရပေသည်။
|
|
|
|
|
|
|